Taifreedom

အစိုးရငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် DPN အဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် UNFC အဖွဲ့ဝင်များ NCA လက်မှတ်ရေးထိုးနိုင်ရန်မျှော်လင့်

အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် UNFC အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့တို့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ထိ နှစ်ရက်တာ ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုတွင် UNFC အဖွဲ့၏ အဆိုပြုချက် ၉ ချက်ကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြောင်း သတင်းရရှိ။



ဆဋ္ဌမအကြိမ် တွေ့ဆုံဆွေးမှုတွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ အဆိုပြုချက် (၉) ချက်အပေါ် ပွင့်ပွင့်လင်းလင်း ၊ ရင်းရင်းနှီးနှီးဖြင့် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြကြောင်း ၊ ဆွေးနွေးချက် ရလဒ်များကို နှစ်ဦးနှစ်ဘက် သက်ဆိုင်ရာ ခေါင်းဆောင်များထံသို့ ပြန်လည် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ဆဋ္ဌမအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဦးနှစ်ဖက် နားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုခိုင်မာလာခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အတူတကွ ပါဝင်လာနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် UNFC အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ ဆဋ္ဌမအကြိမ် အစည်းအဝေး ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

UNFC အဆိုပြုချက် ၈ ချက်ကို ရယူပြီးပါက လာမည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် တစ်နို်င်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပွဲ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် UNFC အဖွဲ့ဝင်များ လက်မှတ်ရေး ထိုးလာနိုင်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ်ယူနီယံ (LDU) ၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) စသည့် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်း ၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး အစိုးရငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် DPN အဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် UNFC အဖွဲ့ဝင်များ NCA လက်မှတ်ရေးထိုးနိုင်ရန်မျှော်လင့်