Taifreedom

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် DPN အဖွဲ့တို့ ရန်ကုန်မြို့ NRPC တွင် တွေ့ဆုံဆွေးနွေး

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် UNFC အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့တို့ ဆဌမအကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့၌ ရန်ကုန်မြို့ ၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ။



DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် က- “ဒီတွေ့ဆုံဆွေးနွေးမှုကို အကောင်းဆုံးမျှော်လင့်ချက်ထားပြီး တော့ လာပါတယ် ၊ ကျွန်တော်တို့အနေနဲ့ ၈ ချက်ကို ဆွေးနွေးတဲ့အခါမှာ အဖြေရှာတွေ့မယ်လို့ ယုံကြည်ပါတယ် ၊ ဘယ်အကြောင်းအရာကို ဘယ်လိုပုံ သွားမယ်ဆိုတာ ပြောတာဖြစ်ပါတယ် ၊ ဒီ ၈ ချက်ကို နှစ်ဘက်စလုံးလက်ခံလားဆိုတဲ့အချက်ကို ဟုတ်မဟုတ် တစ်ချက်ချင်းစီ သွားပြီး ပြန်လည်ဆွေးနွေးချင်ပါတယ် ၊ ဒီ ၈ ချက်ကို တိတိကျကျ ဆွေးနွေးချင်ပါတယ်” ဟု တွေ့ဆုံဆွေးနွေးမှုတွင် ပြောကြားခဲ့သည်။

ဆဌမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ အဆိုပြုထားသည့် အချက် (၉) ချက်နှင့် ပတ်သက်၍ ဆွေးနွေးခြင်း ၊ ဥပဒေအကြောင်းအရတရားဝင်မှု(Legal Binding) နှင့် ပတ်သက်၍ ဆွေးနွေးခြင်း ၊ NCA လက်မှတ်ရေးထိုးခြင်းကိစ္စ ဆွေးနွေးခြင်း နှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

UNFC မှ အဆိုပြုထားသည့် အချက်(၉) ချက်မှ ကျန်ရှိသော အချက် ၂ ချက်ဖြစ်သည့်  နံပါတ် (၆) ချက်ဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရာတွင် နှစ်ဘက်သဘောတူ လက်ခံသော နိုင်ငံတကာ အသိပညာရှင်များကို လေ့လာသူများအဖြစ် သော်လည်းကောင်း ၊ နည်းပညာအထောက် အကူ ပြုများအဖြစ် သော်လည်းကောင်း UN Platform မှ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် နှင့် နံပါတ် (၄) ချက်ဖြစ်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဆိုင်ရာမူဘောင်အပါအဝင် နှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (CoC) နှင့် စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (ToR) နှင့် တပ်နေရာ ပြန်လည် နေရာချထားရေးတို့ကို ကြိုတင်သဘောတူညီမှု ရယူရန်စသည့် အချက်၂ ချက်ကို ဆွေးနွေးညှိနှိုင်းပြီးနောက် UNFC မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးလာနိုင်ဖွယ် ရှိကြောင်းကို DPN  အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး ပြောကြားထားကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့  အစိုးရငြိမ်းချမ်းရေးကောင်မရှင် (PC) မှ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် (၁၂) ဦး ၊ UNFC အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) မှ ခူးဦးရယ် ဦးဆောင်သော ကိုယ်စားလှယ် (၉) ဦး နှင့် လေ့လာသူများအဖြစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) အား လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်အဖွဲ့၏ လုပ်ငန်းအဖွဲ့ PPWT မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်း (RCSS) ၊ ခွန်သောမတ် (PNLO) နှင့် ဒေါက်တာရွှေခါး (CNF) တို့ကိုယ်စားလှယ် ၃ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် DPN အဖွဲ့တို့ ရန်ကုန်မြို့ NRPC တွင် တွေ့ဆုံဆွေးနွေး