Taifreedom

အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ PPWT တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံ

အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (PPWT) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် အလွတ်သဘော တွေ့ဆုံခဲ့ကြကြောင်း သိရသည်။



တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ PPWT အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်း(RCSS) မှ “အခုတွေ့ဆုံဆွေးနွေးမှုကတော့ အလွတ်သဘောတွေ့ဆုံဆွေးနွေးတာဖြစ်တဲ့အတွက် ဘာဆုံးဖြတ် ချက်မှ မရှိဘူး အစည်းအဝေးအတည်ပြုချက်လဲ မရှိပါဘူး ၊ နှစ်ဖက်တွေ့ဆုံပြီးတော့ အမြင်သဘော ထားချင်း ဖလှယ်သည့် တွေ့ဆုံခြင်းသာ ဖြစ်ပါတယ် ၊ တဘက်မှာလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကြိမ်အစည်းအဝေး ပြီးကတည်းက မတွေ့ဆုံဖြစ်ကြဘဲ နှစ်ဖက်စလုံးက ရှေ့ဆက်သွားကြမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို နှစ်ဖက်အမြင်သဘောထားချင်း ဖလှယ်တာ သုံးသပ်တာတို့လောက်ပါပဲ” ဟု Taifreedom ကို ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) မှ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးကို ဖြစ်နိုင်လျှင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပပြုလုပ်နိုင်ရန် လျာထားပြီး ထိုသို့ကျင်းပနိုင်ဖို့အတွက် ယခု ဩဂုတ်လ အတွင်း UPDJC အစည်းအဝေးကျင်းပပြီး ထည့်သွင်းဆွေးနွေးသွားမည်ဟု သိရသည်။

တွေ့ဆုံဆွေးနွေးမှုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Amora Tapae Hotel တွင် ကျင်းပပြုလုပ်ပြီး အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ (PPWT) တို့ နှစ်ဖက် သဘောထားအမြင်တွေ သုံးသပ်ချက်တွေကို ဖလှယ်နိုင်ခဲ့ကြကာ ယခုအလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုသည် မျှော်လင့်သည်ထက်ပိုပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှု ဖြစ်ခဲ့ပြီး ယခုလို အလွတ်သဘောတွေ့ဆုံမှုမျိုး မကြာခဏ ရှိသင့်တယ်လို့ နှစ်ဖက်စလုံးက ပြောဆိုနေကြပါသည်။

တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်(PC) ၏ ကိုယ်စားလှယ်များဖြစ်သည့် ကော်မ ရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး ၊ ကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည် ၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး ၊ ကော်မရှင်အကြံပေးအဖွဲ့များ ဖြစ်သည့် ဦးလှမောင်ရွှေ ၊ ဒေါက်တာမင်းဇော်ဦး ၊ ဦးကျော်လင်းဦး နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ (PPWT) မှ ပဒိုစော ကွယ်ထူးဝင်း ၊ ဆလိုင်းထလာဟေး ၊ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်း ၊ ခွန်မြင့်ထွန်း ၊ စောစိန်ဝင်း ၊ စောစမတ်တွန်း ၊ ခွန်သောမတ် ၊ ဆလိုင်းအောင်မြင့် တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ PPWT တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံ

နောက်ဆုံးသတင်းများ