Taifreedom

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့ (PPWT) နှင့် တရုတ်ငြိမ်းချမ်းရေးအထူးသံအမတ် တို့တွေ့ဆုံ

ယနေ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့၌  NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့ (PPWT) နှင့် မစ္စတာ စန်းကော်ရှန်း (Mr. Sun Guoxiang) ဦးဆောင်သည့် တရုတ်ငြိမ်းချမ်းရေးအထူးသံအမတ် အဖွဲ့တို့ ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ။



“အခုတွေ့ဆုံပွဲကတော့ အလွတ်သဘော အမြင်ချင်းဖလှယ်တဲ့တွေ့ဆုံမှုပေါ့ ၊ ကိုယ့်ဘက်မှာ ရှိနေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတိုင်ပင်တာ ၊ တပ်မတော်ဘက်ကနေပြီးတော့ သျှမ်းအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ နှင့် လူထုတွေ့ဆုံပွဲကို ဟန့်တားတဲ့အကြောင်း နဲ့ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ဖြစ်တဲ့ (FPNCC) အဖွဲ့ရဲ့ အခြေအနေကိုလည်း မေးမြန်းတယ် ၊ နောက်ပြီးတော့  ကချင်နဲ့ သျှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် အကူအညီတောင်းခံတယ် ၊ သူတို့ဘက်ကလဲ ငြိမ်းချမ်းရေးဆိုတာက တစ်ဖွဲ့ကျန်နေလဲ ငြိမ်းချမ်းရေးမဖြစ်နိုင်တဲ့အတွက်ကြောင့် သူတို့ဘက်ကနေပြီးတော့ တတ်နိုင်သမျှ ကူညီပေးမယ်လို့ ပြန်ပြောတယ်” လို့ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး RCSS အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီး စိုင်းငင်းမှ တိုင်းဖရီးဒွမ်းထံ ပြောကြားခဲ့သည်။

တွေ့ဆုံမှုသို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့ (PPWT) မှ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခက်အခဲများ ၊ လူထုတွေ့ဆုံပွဲ နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ်အစည်းအဝေး (၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်)အား ခေတ္တရပ်စဲထားရခြင်းအကြောင်းရင်း ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအား ရှင်းလင်းပြောပြခြင်း ၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၇ ဖွဲ့၏ ငြိမ်းချမ်းရေးအခြေအနေများအား မေးမြန်းခြင်း နှင့် တပ်မတော်မှ ကချင်ပြည်နယ်နှင့် သျှမ်းပြည်မြောက်ပိုင်းဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားကာ ပြည်သူများ ဒုက္ခရောက်နေရသည့်အတွက် တိုက်ပွဲများအား ရပ်တန့်ပေးရန် အကူအညီတောင်းဆိုခဲ့ကြောင်း သိရသည်။

တရုတ်သံအမတ် မစ္စတာ စန်းကော်ရှန်း မှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အားပေးထောက်ခံကြောင်း ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အခက်အခဲရှိပါက နည်းလမ်းရှာ၍ ဖြေရှင်းဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပြီး  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ကို တရုတ်နိုင်ငံသို့ သွားရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ခြင်း ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကိုလည်း သေသေချာချာ အလေးထား၍ ဖြေရှင်းစေလိုကြောင်းအပြင် ကချင်ပြည်နယ်နှင့် သျှမ်းပြည်မြောက်ပိုင်းဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအား ရပ်တန့်ရန်အတွက် သံအမတ်အနေဖြင့် တပ်မတော်အား အကြိမ်ကြိမ်တိုက်တွန်းခဲ့ဖူးကြောင်း နှင့် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ကိုလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နိုင်ရန် တိုက်တွန်းသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အလွတ်သဘော တွေ့ဆုံမှုတွင် မစ္စတာ စန်းကော်ရှန်း ဦးဆောင်သည့် တရုတ်ငြိမ်းချမ်းရေးအထူး သံအမတ် အဖွဲ့ဝင် (၅) ဦး ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့ (PPWT) မှ ပဒိုစောတာတိုမှူး ၊ ဗိုလ်မှူးကြီး စိုင်းငင်း (RCSS) ၊ ဆလိုင်းထလာဟေး (CNF) ၊ နန်းမြရာဇာလင်း (ALP)  တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့ (PPWT) နှင့် တရုတ်ငြိမ်းချမ်းရေးအထူးသံအမတ် တို့တွေ့ဆုံ

နောက်ဆုံးသတင်းများ