Taifreedom

လော်ခီးလာတွင် NCA လက်မှတ်ရေးထိုးထားသည့် EAOs ၈ ဖွဲ့ JMC လုပ်ငန်းစဉ် လက်တွေ့ လုပ်ဆောင်မှု စိစစ်အတည်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) လုပ်ငန်းစဉ် လက်တွေ့လုပ်ဆောင်မှု စိစစ်အတည်ပြုခြင်း (JMC Validation Workshop) အလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့ရှိ KNU ဌာနချုပ် လော်ခီးလာ(လေးဝါး) စခန်းတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိ။



အလုပ်ရုံဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU) မှ JMC-U အဖွဲ့ဝင် ဒုတိယဥက္ကဋ္ဌ-၁ စောအိုက်သက်ဖိုး နှင့် JMC-U ကော်မတီအဖွဲ့ဝင် ပဒိုစောတာတိုမူးတို့မှ ဦးဆောင်ကမကထပြု၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ နှစ်ရက်တာကျင်းပခဲ့ပြီး NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ် ၂၇ ဦးတက်ရောက်ခဲ့ကာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖြစ် ဒုတိယဗိုလ်မှူးကြီး စိုင်းဦး နှင့် JMC-L ဒုတိယဥက္ကဋ္ဌ-၁ ဗိုလ်ကြီး စိုင်းဇင် တို့မှ တက်ရောက်ခဲ့ကြောင်း သိရသည်။

JMC Validation Workshop တွင် JMC ဖွဲ့စည်းမှုတွင် အရပ်သားကိုယ်စားလှယ် ဦးရေမြှင့်တင်ခြင်းကိစ္စ ၊ စီမံခန့်ခွဲရေးကိစ္စ ၊ ပြည်သူလူထု၏ ပါဝင်မှုအခန်းကဏ္ဍကို ပိုမိုကောင်းမွန် လာစေရန် ဒေသအခြေပြု အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး စွမ်းရည်မြှင့်တင်သင်တန်းများကို လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်သွားရန် ၊ မိုင်းရှင်းလင်းရေးကိစ္စ ၊ ပြည်တွင်းနေရပ်စွန့်ခွာ သူများ ၊ ပဋိပက္ခဒဏ်ခံစားရသူများ ၊ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒုက္ခသည်များနှင့် ပတ်သက်၍ JMC က လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများ ၊ EAO-JMC ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးများကို စီမံခန့်ခွဲရေး နှင့် ပတ်သက်၍ ယုံကြည်မှုမြင့်မားလာစေရန် စွမ်းရည်မြှင့်တင်ခြင်း အစီအစဉ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား အရည်အသွေးမြှင့်တင်သည့် သင်တန်းများ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်သွားရန် စသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် JMC စုဖွဲ့မှုကို ပူးတွဲဥက္ကဋ္ဌများဖြင့် ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ပူးတွဲဥက္ကဋ္ဌအဖြစ် အစိုးရ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်သားကိုယ်စားလှယ်များ အလှည့်ကျ ဆောင်ရွက်ရန် နှင့် အတွင်းရေးမှူးအဖွဲ့ကို အစိုးရ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် အရပ်သားကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းခြင်း စသည်တို့ကို ဆွေးနွေးခဲ့ပြီး EAO-JMC ညီလာခံကို တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး လော်ခီးလာတွင် NCA လက်မှတ်ရေးထိုးထားသည့် EAOs ၈ ဖွဲ့ JMC လုပ်ငန်းစဉ် လက်တွေ့ လုပ်ဆောင်မှု စိစစ်အတည်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ