Taifreedom

PC နှင့် DPN ညှိနှိုင်းမှုတွင် အပြီးသတ်ဆွေးနွေးရန် အချက်နှစ်ချက်သာကျန်ရှိ

အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေး ဆိုင်ရာဆွေနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) တွင် နှစ်ရက်တာကျင်းပခဲ့သည့် ၈ ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးမှုတွင် အပြီးသတ်ဆွေးနွေးနိုင်ရန်အတွက် အချက်နှစ်ချက်သာကျန်ရှိတော့ကြောင်း သိရသည်။



ဆွေးနွေးညှိနှိုင်းမှုနှင့် ပတ်သက်ပြီး ဆေွးနွေးပွဲသို့ လေ့လာသူအဖြစ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦဆောင်အဖွဲ့ (PPST) ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးစိုင်းငင်းမှ- UNFC အဖွဲ့က အဆိုတင်သွင်းထားတဲ့ အချက် ၉ ချက်ထဲက အချက်တော်တော်များများကို ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီမှုရရှိခဲ့တယ် ၊ အပြီးသတ်ဆွေးနွေးဖို့ ကျန်တာကတော့ နောက်ဆုံး ၁ ချက် ၂ ချက်ပဲ ကျန်တော့တယ် ၊ အဲဒါတွေကို နှစ်ဖက်ခေါင်းဆောင်တွေကို တင်ပြပြီး အတည်ပြုချက် ယူပြီးတော့ နောက်တစ်ကြိမ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အပြီးသတ်ထပ်ဆွေးနွေးမယ် ဟု ဆွေးနွေးမှုနှင့် ပတ်သက်၍ ယခုလိုပြောကြားခဲ့သည်။

အလားတူ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ဆွေးနွေးညှိနှိုင်းမှုနဲ့ ပတ်သက်ပြီး DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်က - “ဆွေးနွေးမှုကတော့ ပြောရရင် ပွင့်ပွင့်လင်းလင်းရှိပါတယ် ၊ အသုံးအနှုန်းလေးတွေ ဝေါဟာရလေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပါတယ် ၊ သဘောတူဖို့လည်း ရှိပါတယ် ၊ နောက်ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နှစ်ဖက်ခေါင်းဆောင် တွေကိုလည်း ပြန်လည်တင်ပြဖို့ ရှိပါတယ် ၊ အဲဒီအခါကျမှဘဲ ကျွန်တော်တို့ နောက်ဆုံးအဆုံးသတ်ဖို့ ရှိပါတယ် ၊ ဆွေးနွေးမှုပုံစံတွေကတော့ အားလုံးကောင်းကောင်း မွန်မွန်ရှိပါတယ် ၊ အားလုံး ကျွန်တော်တို့ တင်ပြချက် ၈ ချက်နဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ရောက်ဖို့ နီးနေပါပြီလို့ပဲ ပြောရမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့သည်။

UNFC မှ အဆိုတင်သွင်းထားသည့် အဆိုပြုချက် ၉ ချက်ထဲမှ အချက်နံပါတ် ၁ ဖြစ်တဲ့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးပါက အစိုးရ ၊ တပ်မတော်ဘက်မှ (၂၄) နာရီအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်ကြောင်း ကြေညာထုတ်ပြန်ပြီး UNFC အဖွဲ့ဝင် အဖွဲ့အစည်းများမှ (၄၈) နာရီအတွင်း ထုတ်ပြန်သွားရန် နှင့် အချက် နံပါတ် (၂) ဖြစ်သည့် လွတ်လပ်မှု ၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီရေး ၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရန်တို့ဖြစ်ကြောင်း သိရသည်။

PC နှင့် DPN တို့၏ လာမည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျန်ရှိနေသည့် UNFC ၏ အဆိုပြုချက်များကို အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်ပြီး ထိုအချက်များကို ဆွေးနွေးညှိနှိုင်းပြီးပါက ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ အစိုးရ ၊ တပ်မတော် နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

PC နှင့် DPN တို့၏ ၈ ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲသို့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC) ဘက်မှ အစိုးရငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် နှင့် အဖွဲ့ဝင်များ စုစုပေါင်း ၁၈ ဦး ၊ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ဘက်မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ၊ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး နှင့် အဖွဲ့ဝင်များ ၁၂ ဦး နှင့် လေ့လာသူများအဖြစ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကိုယ်စားလှယ်ဝင် ၉ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး PC နှင့် DPN ညှိနှိုင်းမှုတွင် အပြီးသတ်ဆွေးနွေးရန် အချက်နှစ်ချက်သာကျန်ရှိ