Taifreedom

KIA တပ်ဖွဲ့၏ တပ်သားသစ်စုဆောင်းမှုပြဿနာဖြေရှင်းနိုင်ရန် ၈ ရွာအုပ်စုဒေသခံများ အရေးပေါ် အစည်းဝေး ပြုလုပ်

၂၀၁၈ ခုနစ် ဖေဖော်ဝါရီလအတွင်း တရုတ်-ကချင် နယ်စပ်ဒေသ ကချင်ပြည်နယ် မိုင်းဝမ်းဒေသ ၈ ရွာအုပ်စုတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့မှ တပ်သားသစ်များ အတင်းအဓမ္မ စုဆောင်းမှုကြောင့် ဒေသခံရွာသားများ တရုတ်ပြည်တွင်းသို့ ထွက်ပြေးခိုလှုံနေရမှုနှင့် ပတ်သက်ပြီး ထိုပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် ၈ ရွာအုပ်စု ဒေသခံများ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိ။



၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ KIA တပ်ဖွဲ့မှ တပ်မဟာ-၁၆ တပ်ဖွဲ့ဝင်များသည် ကုန်းဆာရွာနေ ၈ ရွာအုပ်စု ဥက္ကဋ္ဌအား ခေါ်ယူကာ - ၎င်းတို့တပ်ဖွဲ့မှ တပ်သားသစ်စုဆောင်းသည့် သတင်းပျံ့နှံ့မှုနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ၈ ရွာအုပ်စု ဥက္ကဋ္ဌအား ၎င်းတို့ကျေးရွာအုပ်စုအတွင်းမှ တပ်သားသစ် အနည်းဆုံး ၅ ယောက် ရှာပေးရမည် ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ၈ ရွာအုပ်စု ဥက္ကဋ္ဌမှ ၎င်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီတွင် အရေးပေါ် အစည်းအဝေးခေါ်ယူကာ KIA တပ်ဖွဲ့၏ တပ်သားသစ်စုဆောင်းမှုနှင့် ပတ်သက်ပြီး ထိုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အစည်းအဝေးပြုလုပ်ခဲ့ရာ မည်သူမျှ KIA တပ်ထဲသို့ စစ်မှုထမ်းဆောင်ဖို့ မသွားရောက် လိုသည့် အတွက် ထိုနေ့ညအချိန်တွင် KIA တပ်ဖွဲ့မှ ကုန်းဆာရွာဒေသခံ ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး ၎င်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ပြန်လွှတ်ပေးခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်သူ အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။



KIA တပ်ဖွဲ့မှ တပ်သားသစ်စုဆောင်းရန် လူရှာမရသည့်အတွက် ၈ ရွာအုပ်စု ဥက္ကဋ္ဌအား   ၎င်းတို့ KIA တပ်ထဲ စစ်မှုထမ်းသင့်သည့် နာမည်စာရင်းများ ကောက်ပေးခိုင်းကြောင်း ၊ သို့သော်လည်း ၈ ရွာအုပ်စု ဥက္ကဋ္ဌမှ  ငြင်းဆိုခဲ့သောကြောင့်  KIA  တပ်ဖွဲ့က  “အချိန်တစ်ရက်ဘဲ ပေးမယ် ၊ လူ ၅ ယောက်ရှာ မရရင်  ရွာတွေထဲထိ လိုက်ဖမ်းမယ် ၊ လူဘဲရှာပေးမလား  ဒါမှမဟုတ် အလုပ်ဘဲ အပျက်ခံမလားဆိုတာ ကြည့်ကြတာပေါ့” ဟု ပြင်းထန်စွာ ထပ်မံခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ KIA တပ်ဖွဲ့မှ တပ်သားသစ်စုဆောင်းမှုပြဿနာနှင့် ပတ်သက်၍ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက တိုင်းဖရီးဒွမ်းထံ - “သူတို့ KIA တပ်မကနေပြီးတော့ ရွာသားတွေကို ကတိပေးထားတာ ကျွန်တော်တို့ ကုန်းဆာတစ်ရွာလုံး အလှည့်ကျ သူတို့ KIA အကျဉ်းစခန်းထဲက အချုပ်သမားတွေကို ထမင်းချက်ကျွေးရင် ကုန်းဆာရွာသားတွေကို ဖမ်းဆီးတာတွေ မလုပ်ဘူးလို့ ကတိပေးထားတာ ၊ ဒါပေမယ့် ကျွန်တော်တို့ ရွာသားတွေကို မနေ့ညက ပြန်လာဖမ်းတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်-ကချင်နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် ၈ ရွာအုပ်စု မိုင်းဝမ်းဒေသအတွင်း KIA တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းမှုသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စ၍ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ပိုမိုပြုလုပ်လာလျှက်ရှိပြီး ထိုဒေသရှိ ဒေသခံများ တရုတ်ပြည်တွင်းသို့ ထွက်ပြေးခိုလှုံနေ ရကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး KIA တပ်ဖွဲ့၏ တပ်သားသစ်စုဆောင်းမှုပြဿနာဖြေရှင်းနိုင်ရန် ၈ ရွာအုပ်စုဒေသခံများ အရေးပေါ် အစည်းဝေး ပြုလုပ်

နောက်ဆုံးသတင်းများ