Taifreedom

KIA တပ်ဖွဲ့၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုကြောင့် တရုတ်-ကချင် နယ်စပ်ဒေသရှိ ဒေသခံများတရုတ်ပြည်သို့ ထွက်ပြေးခိုလှုံနေရ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့မှ ဒေသခံများအား ပိတ်ဆို့ လိုက်လံဖမ်းဆီးပြီး  ၎င်းတို့ KIA တပ်အတွင်း အနည်းဆုံး ၂ နှစ် စစ်မှုထမ်းဆောင်ရန် တပ်သားသစ်များ အတင်းအဓမ္မ စုဆောင်းမှုကြောင့် တရုတ်-ကချင် နယ်စပ်ဒေသရှိ ဒေသခံများ တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံနေရကြောင်း သတင်းရရှိ။



တရုတ်-ကချင်နယ်စပ်ဒေသရှိ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် ၈ ရွာအုပ်စုရှိ ဒေသခံများအား KIA တပ်ဖွဲ့မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ကစ၍ ရွာအဝင်လမ်း အထွက်လမ်းများတွင် စောင့်ဆိုင်းကာ ဖမ်းဆီးခြင်း နှင့် အချို့ကျေးရွာများတွင် စိုက်ခင်း ယာခင်းထဲအထိ လိုက်လံဖမ်းဆီးခြင်းများရှိခဲ့ပြီး ယနေ့အထိ လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ၈ ရွာအုပ်စု ကုန်းဆာရွာသို့ နေ့စားဖြင့် အငှား အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်သည့် လားရှိုးခရိုင် မိုင်းရယ်မြို့နယ်တွင် နေထိုင်သူ စိုင်းလွတ် အသက် ၂၂ နှစ်အား ကြံခင်းတွင် ကြံခုတ်နေစဉ် KIA တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၇:၃၀ အချိန်ခန့်တွင်လည်း KIA တပ်ဖွဲ့မှ ဒေသခံ ၂ ဦး နှင့် ဆိုင်ကယ် ၂ စီးထပ်မံဖမ်းဆီးခဲ့သောကြောင့် ထိုဒေသတွင်းရှိ ဒေသခံတော်တော်များများမှာ တရုတ်ပြည်တွင်းသို့ ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ခိုလှုံခဲ့ရကြောင်း သိရသည်။

 KIA တပ်ဖွဲ့၏ တပ်သားသစ်စုဆောင်းမှုနှင့် ပတ်သက်၍ မိုင်းဝမ်းဒေသတွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက တိုင်းဖရီးဒွမ်းထံ - “ KIA အဖွဲ့က ဖမ်းဆီးသွားတဲ့ ၂ ယောက်ကိုတော့ ကျွန်တော်တို့ မသိဘူး ၊ ဆိုင်ကယ် ၂ စီးပါတယ် ၊ ဘယ်ဇာတိက လူတွေလဲတော့ မသိဘူး ၊ ဒီနေ့လဲ ခြံသွားတဲ့လမ်းတစ်လျှောက် စောင့်နေတာ ပြည့်နေတာဘဲ ၊ ဒီနေ့က အရင်နေ့ တွေထက် အခြေအနေပိုဆိုးတယ် ၊ သူတို့အထက်က တောင်းလာတာကတော့ ၅ ယောက်လို့ပြောတယ် ၊ အနည်းဆုံး ၂ နှစ်လောက်တော့ သူတို့ KIA တပ်ထဲမှာနေရမယ်လို့ သိရတယ် ၊ အခုဆိုရင် ကျွန်တော်တို့ ဒေသခံရွာသားတွေ တရုတ်ပြည်ဘက်ကို ရွာလုံးကျွန်နီးပါး ထွက်ပြေးကုန်ကြပြီ ၊ ဘယ်သူမှလဲ အိမ်မှာ မနေရဲတော့ဘူးလေ” ဟုပြောကြားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် ရွာသားများ၏ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးဘဲ ဒေသခံရွာသားများက တရုတ်ပြည်တွင်းသို့ ထွက်ပြေးခိုလှုံခဲ့သောကြောင့် KIA တပ်ဖွဲ့မှ ဖမ်းဆီးသွားသူများမှာ ရွာသားများ မဖြစ်နိုင်ဘဲ အခြားသော အရပ်ဒေသမှ လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်နိုင်ကြောင်း အဆိုပါ အမည်မဖော်လိုသူ ဒေသခံက ဆက်လက်ပြောကြားခဲ့သည်။

“KIA အဖွဲ့က ဖမ်းဆီးသွားတာကတော့ များသောအားဖြင့်ကတော့ တရုတ်ပြည်က လူတွေဖြစ်မယ် တချို့က အမျိုးတွေဆီလာလည်တာ ၊ တချို့ကျတော့လည်း အလုပ်လာလုပ်တာ အဲလိုလူတွေ ဖြစ်မယ်ထင်တယ် ၊ ဘယ်နှစ်ယောက်ဖမ်းဆီးမိပြီလဲတော့ မသိသေးဘူး ၊ ဘယ်သူကမှလဲ သွားမကြည့် ရဲဘူး ၊ တချို့ ကြံခုတ်နေတဲ့သူတွေဆို အိမ်တောင်မပြန်ရဲတော့ဘဲ ကြံခင်းထဲပဲ ပုန်းနေရရှာတယ် ၊ အခြေအနေတော်တော်ဆိုးနေပြီ ၊ ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ပြည်သူတွေတော့ ဒုက္ခရောက်ကုန်တော့မှာဘဲ”  ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အလားတူ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင်လည်း မိုင်းဝမ်းဒေသ ၈ ရွာအုပ်စု ဒေသခံများအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့မှ တပ်သားသစ် ၁၅ ဦးကောက်ခံပေးရန် အမိန့်ပေးခိုင်းစေခြင်း ခံခဲ့သောကြောင့် ဒေသခံများ တရုတ်ပြည်တွင်းသို့ တစ်ကြိမ် ထွက်ပြေးခိုလှုံခဲ့ဖူးကြောင်း သိရသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့နယ် မိုင်းဝမ်းဒေသတွင် မန့်နောင်ပုံ ၊ ဝမ်တုန်ဟုန်း ၊ ဝမ်ကောင်း ၊ ဝမ်လွယ်ဂျယ် ၊ မန့်ကုန်းဆာ ၊ မန့်နိမ်နေ ၊ မန့်အုံလုံ နှင့် မန့်ဝိန်းဟိုင်း ဟူ၍ ၈ ရွာရှိပြီး ၎င်းတို့ကို ၈ ရွာအုပ်စု ခေါ်ဝေါ်ကြကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး KIA တပ်ဖွဲ့၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုကြောင့် တရုတ်-ကချင် နယ်စပ်ဒေသရှိ ဒေသခံများတရုတ်ပြည်သို့ ထွက်ပြေးခိုလှုံနေရ

နောက်ဆုံးသတင်းများ