Taifreedom

အရက်အမူးလွန်ပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်သည့် တပ်မတော် တပ်သားကြောင့် ဒေသခံ ၂ ဦး ဖမ်းဆီးချုပ်နှောင်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ကွန်ကော်အုပ်စု တော့ဖေကျေးရွာတွင် အရက်မူးပြီး သေနတ်ရမ်းပစ်တဲ့ တပ်မတော် ခမရ-၅၀၂ တပ်ရင်းမှ တပ်သား ၁ ဦးကြောင့် အရက်ရောင်းသည့်ဆိုင်ရှင်နှင့် ဆိုင်ရှင်အား အပြစ်မရှိကြောင်း ထောက်ခံပေးသူကိုပါ ဖမ်းဆီးအရေး ယူခြင်းခံခဲ့ရကြောင်း သတင်းရရှိ။



ထိုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ ည ၈ နာရီအချိန်၌ ဗိုလ်မှူး အောင်စည်ဖြိုး ဦးဆောင်သည့် ခမရ-၅၀၂ တပ်ရင်းမှ အင်အား ၈၆ ဦးသည် ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စု တော့ဖေကျေးရွာတွင် စခန်းချနေစဉ် အဆိုပါ တပ်ရင်းမှ တပ်သား ၁ ဦးသည် ရွာတွင်းရှိ အရက်ဆိုင်တွင် အရက်ဝယ်သောက်ကာ အမူးလွန်ပြီး မိမိတွင် ပါလာသည့် သေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သေနတ်သံကြောင့် သက်ဆိုင်ရာ တပ်မတော်တာဝန်ရှိသူများက အမူးလွန်ပြီး သေနတ်ရမ်းသမ်း ပစ်ခတ်သည့် တပ်သားအား ဖမ်းဆီးစေပြီးနောက် အရက်ဆိုင်ပိုင်ရှင်ဖြစ်သူ စိုင်းငြိမ်း အသက် ၂၆ ကိုပါ  ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။

အရက်ဆိုင်ပိုင်ရှင်ဖြစ်သူ စိုင်းငြိမ်းအား အပြစ်မရှိကြောင်း သွားရောက်ထောက်ခံပေးသူ လုံးစိုင်းလွတ် အသက် ၄၈ နှစ်ကိုလည်း တပ်မတော် ခမရ-၅၀၂ က စိုင်းငြိမ်းနှင့်အတူ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး တပ်မတော် ခမရ-၅၀၂ မှ တာဝန်ရှိသူက ၎င်းတို့ ၂ ဦးအား တပ်မတော်သားများကို အရက်လုံးဝ ရောင်းပေးခြင်းမပြုရန်နှင့် ရောင်းချခြင်းကို တွေ့ရှိပါက ပြင်းထန်သည့် အရေးယူခြင်းခံရမည်ဟု ခြိမ်းခြောက်ပြောဆိုကာ စိုင်းငြိမ်းနှင့် လုံးစိုင်းလွတ်တို့ ၂ အား တစ်ည ဖမ်းဆီးချုပ်နှောင်ထားပြီး နောက်တစ်နေ့ နံနက် ၇ နာရီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

တပ်မတော် ခမရ-၅၀၂ တပ်ရင်းသည် အရှေ့မြောက်ပို်င်းတိုင်းစစ်ဌာနချုပ် (လားရှိုး) အမှတ်-၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံဖြစ်ပြီး တပ်မတော် နှင့် ပလောင်လက်နက်ကိုင် (TNLA) တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ နမ့်ဆန်မြို့နယ် ကိုင်တိုင်ကျေးရွာမှတဆင့် တော့ဖေကျေးရွာသို့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရောက်လာခြင်းဖြစ်ပြီး စရောက်လာသည့် ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်း အဆိုပါ တပ်ရင်းမှ တပ်သား ၁ ဦးသည်လည်း အမူးလွန်ကာ တော့ဖေရွာအတွင်း သေနတ်ရမ်းသမ်းပစ်ခတ်မှု တစ်ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း ဒေသခံသတင်းရပ်ကွက်၏ သတင်းပေးပို့ချက် အရ သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး အရက်အမူးလွန်ပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်သည့် တပ်မတော် တပ်သားကြောင့် ဒေသခံ ၂ ဦး ဖမ်းဆီးချုပ်နှောင်ခံရ

နောက်ဆုံးသတင်းများ