Taifreedom

တပ်မတော် နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဒေသခံများအား ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆို

အစိုးရတပ်မတော် နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လှုပ်ရှားကာ စခန်းချသည့် နမ့်စန်မြို့နယ် ဟိုယန်းကျေးရွာ ဒေသခံများအား သူတို့လှုပ်ရှားနေစဉ်ကာလအတွင်း သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွားပါက လက်နက်ကြီးဖြင့် ရွာတွင်းသို့ ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိ။



ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်-၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခိုလမ်-နမ့်စန် အခြေစိုက် အစိုးရ တပ်မတော် ခလရ-၆၆ တပ်ရင်း ၊ နမ့်စန်မြို့ အခြေစိုက် ခလရ-၂၄၇ တပ်ရင်း နှင့် ခမရ-၅၁၆ တပ်ရင်း၊ လင်းခေးမြို့အခြေစိုက် ခမရ-၅၂၅ တပ်ရင်းနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တာချီလိတ်မြို့အခြေစိုက် ခမရ-၃၅၉ တပ်ရင်းစသည့် အစိုးရတပ်မတော် တပ်ရင်း ၅ တပ်ရင်းမှ အင်အား ၈၀ခန့်သည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် နမ့်စန်မြို့နယ် နှင့် လွိုင်လင်မြို့နယ်အတွင်း အုပ်စုခွဲကာ လှုပ်ရှားပြီး အင်အား ၄၂ ဦးရှိ လက်နက်ကြီးကိုင်ဆောင်သည့်  တပ်မတော် အဖွဲ့သည် နမ့်စန်မြို့နယ် ဟိုယန်းကျေးရွာအုပ်စု ဟိုယန်းကျေးရွာအနီးတွင် စခန်းချ လှုပ်ရှားပြီး ကျန်ရှိသည့် တပ်မတော် တပ်ပေါင်းစု အင်အား ၃၈ ဦးကို ဗိုလ်မှူး မင်းအောင် ဦးဆောင်ကာ အင်အား ၁၆ ဦးရှိ ဗိုလ်ကြီးရာဇာဦးဆောင်သော ပြည်သူ့စစ်အဖွဲ့နှင့် ပူးပေါင်းပြီး ဟိုယန်းကျေးရွာမှတဆင့် တောနင်းဖြတ်သန်းကာ လွိုင်လင်မြို့နယ် နမ့်မိုကျေးရွာအုပ်စု ပန်လျန်းကျေးရွာအနီး တစ်နေရာ နှင့် ကောင်းယောင်းကျေးရွာအုပ်စု ကောင်းယောင်းကျေးရွာ အနီးတွင် စခန်းချပြီး ထိုဒေသရှိ ဒေသခံများအား အဓမ္မ ခိုင်းစေမှုများ ရှိခဲ့သည်သာမက ကုန်းယောင်းကျေးရွာဒေသခံ လုံးအုံး အသက် ၄၉ နှစ် နှင့် လုံးလူ အသက် ၆၇ နှစ်တို့ကို ဖမ်းဆီးချုပ်နှောင်ကာ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ စစ်ကြောင်းသတင်းကို မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော် နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့ လွိုင်လင်မြို့ဘက်တွင် လှုပ်ရှားနေစဉ် နမ့်စန်မြို့နယ် ဟိုယန်းကျေးရွာတွင် လှုပ်ရှားနေသည့် တပ်မတော် လက်နက်ကြီး တပ်ဖွဲ့သည် ဟိုယန်းကျေးရွာဒေသခံများအား အကယ်၍ ပန်လျန်း-ကောင်းယောင်းဘက်သို့ လှုပ်ရှားနေတဲ့ အဖွဲ့က သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တိုးမိပြီး တိုက်ပွဲဖြစ်ပွားခဲ့ရင် ဟိုယန်းရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တစ်ရွာလုံးကို ပြာကျအောင် လုပ်ပစ်မည် ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးအကြောင်း အတော်အတန် လေ့လာမိသည့် ဒေသခံတစ်ဦးက - “တပ်မတော် နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် အပစ်ရပ်စာချုပ် NCA ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို  သူတို့က နားမလည်လို့ပဲလား နားလည်ရဲ့သားနဲ့ တမင်သက်သက် လုပ်နေကြတာလားတော့မသိဘူး ၊ တကယ်ဆိုရင် တပ်မတော်ဘက်က သူတို့ ဒီဒေသထဲကို လှုပ်ရှားမယ်ဆိုကတည်းက ဒီဒေသထဲမှာ လှုပ်ရှားနေတဲ့ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဆီကို ကြိုတင်သတင်းမပို့ရုံမက တမင်သက်သက် ရှာဖွေနေသလိုပဲ ၊ ပြည်သူလူထု တွေကိုလည်း အဓမ္မခိုင်းတာတွေ ရှိနေတယ် ၊ RCSS တပ်ဖွဲ့ဆိုတာကလည်း NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့လေ ၊ အခုလည်း သူတို့က RCSS အဖွဲ့နဲ့ တိုးမိပြီး တိုက်ပွဲဖြစ်ရင် လက်နက်ကြီးနဲ့  တစ်ရွာလုံးကို ပြာကျအောင် လုပ်ပစ်မယ်ဆိုတော့ တပ်မတော်ဘက်က ငြိမ်းချမ်းရေး ကို မလိုလားတာလား ၊ အပစ်ရပ်စာချုပ် NCA ကိုဘဲ အလေးမထားတာလားဆိုတာ သူတို့လုပ်ရပ်က ဖော်ပြနေတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ထို့နောက် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အဆိုပါ တပ်မတော် နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် ပန်လျန်းကျေးရွာဒေသခံနှင့် လုံတွေကျေးရွာဒေသခံများထံ ကား ၃ စီး ပေါ်တာဆွဲကာ နမ့်စန်မြို့နယ် ဟိုယန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး တပ်မတော် နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဒေသခံများအား ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆို

နောက်ဆုံးသတင်းများ