Taifreedom

KIA တပ်ဖွဲ့၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုကြောင့် သျှမ်း-တရုတ်-ကချင် နယ်စပ်ရှိ လူငယ်လူရွယ်များ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်

သျှမ်း-တရုတ်-ကချင် နယ်စပ်ရှိ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်းဝမ်းဒေသ လွယ်စယ်ကျေးရွာအုပ်စု ကုန်းဆာကျေးရွာတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့၏ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှုကြောင့် ကျေးရွာအတွင်းရှိ လူငယ်လူရွယ်များ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိ။



ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့မှ လွန်ခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင် တပ်သားသစ်စုဆောင်းပေးရန် အမိန့်ပေးခိုင်းစေခဲ့မှုကြောင့် သျှမ်း-တရုတ်-ကချင် နယ်စပ် မိုင်းဝမ်းဒေသမှ လူငယ်များ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အခု ကျွန်တော်တို့ရွာမှာ အခြေအနေသိပ်မကောင်းဘူး ၊ KIA တပ်ဖွဲ့က ကျွန်တော်တို့ရွာကလူငယ် ၁၅ ယောက်ကို သူတို့တပ်ထဲအမှုထမ်းဖို့ အမိန့်ပေးလာတယ် ၊ နောက်ပြီးတော့ KIA တပ်ရင်းအမှတ် ၁၆ အတွက် လူ ၅ ယောက် ၊ KIA တပ်ပေါင်းစုအတွက် နောက်ထပ် လူ ၁၀ ယောက် ထပ်တောင်းတယ် ၊ ကျွန်တော်တို့ရွာက လူတွေကို အချိန် ၃ ရက်ပေးမယ် ၊ အဲ့ဒီ ၃ ရက်အတွင်း သူတို့ဆီကို အမှုထမ်းဖို့ လူငယ်တွေ ရောက်မလာဘူးဆိုရင် ရွာထဲမှာ ရှိတဲ့ တွေ့သမျှ လူတွေကို ဖမ်းမယ် ပြောတယ် ၊ ယောက်ျားလေးရော မိန်းကလေးရော လူကြီးလူငယ်ပါမကျန် အကုန်ဖမ်းမယ်ပြောတော့ ကျွန်တော်တို့ ရွာထဲက လူငယ်လူရွယ်တွေ အကုန်လုံးနီးပါး တရုတ်ပြည်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဖြစ်စဉ် နှင့် ပတ်သက်၍ ကုန်းဆာကျေးရွာမှ အမည်မဖော်လိုသူ လူငယ်တစ်ဦးက တိုင်းဖရီးဒွမ်းကို ယခုလို ပြောကြားခဲ့သည်။

“ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကျွန်တော်တို့ကို ၃ ရက်အတွင်း သူတို့ KIA တပ်ထဲ မဝင်ဘူးဆိုရင် လာဖမ်းမယ်ပြောတော့ ရွာက လူငယ်တွေလဲ တရုတ်ပြည်ထဲကို ထွက်ပြေးကုန်ကြတယ် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ ကျေးရွာ ရပ်မိရပ်ဖတွေက KIA တာဝန်ရှိသူဆီကို သွားပြီး တောင်းပန်တော့ သူတို့က အထက်လူကြီးဆီကို ပြန်တင်ပေးမယ် ပြောပြီးတော့ အခုထိတော့ အကြောင်းမပြန်သေးပေမယ့် အခုထိတော့ တရုတ်ပြည်ဘက် ထွက်သွားတဲ့ လူငယ်တွေကတော့ ခုထိ ပြန်မလာရဲသေးဘူး” ဟု ဒေသခံတစ်ဦးက ယခုလို ပြောကြားခဲ့သည်။

သျှမ်း-တရုတ်-ကချင် နယ်စပ် မိုင်းဝမ်းဒေသ လွယ်ဆယ်ကျေးရွာအုပ်စုတွင် နောင်ပုံကျေးရွာ ၊ တုန်ဟုန်းကျေးရွာ ၊ ဝမ်ကောင်းကျေးရွာ ၊ လွယ်စယ်ကျေးရွာ ၊ နိမ်နင်ကျေးရွာ ၊ အုံလုံကျေးရွာ နှင့် ဝိန်းဟိုင်းကျေးရွာဟူ၍ ကျေးရွာ ၈ ရွာရှိပြီး ယခုလို KIA တပ်ဖွဲ့မှ မိုင်းဝမ်းဒေသအတွင်း တပ်သားသစ် စုဆောင်းမှုသည် ကုန်းဆာကျေးရွာတွင် အဆိုးဝါးဆုံးဖြစ်သည်ဟု သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး KIA တပ်ဖွဲ့၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုကြောင့် သျှမ်း-တရုတ်-ကချင် နယ်စပ်ရှိ လူငယ်လူရွယ်များ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်