Taifreedom

သျှမ်းပြည်တပ်မတော် RCSS/SSA မှ မိုးနဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ ဖမ်းဆီးရမိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ မူးယစ်ဆေးဝါး ကင်းစင်ရေးပေါ်လစီ ရှိသည့်အတိုင်း မူးယစ်ဆေးဝါးများ အမှန်တကယ် အမြစ်ပြတ် ကင်းစင်စေရန်အတွက် ဒေသခံပြည်သူလူထုနှင့် လက်တွဲပူးပေါင်းမှုရယူကာ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။



ထိုသို့ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် မိုးနဲမြို့နယ် ကျေးရွာရပ်မိရပ်ဖများနှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေခံတပ်ရင်း တို့  လက်တွဲပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် ကွန်နားကျေးရွာအုပ်စု ကွန်နားကျေးရွာတွင် မူးယစ်ဆေးဝါး ကင်းစင်စေရန် စစ်ဆေးရာတွင် ပါဝိုင် အသက် ၄၅ နှစ် ကွန်နားကျေးရွာ နေထိုင်သူအား WY အမှတ်တံဆိပ် ယာဘဆေးပြား ၁၈ ပြားနှင့် အဖ လုံးယွန်းယီ အမိ ပါဝိုင် တို့၏ သား စိုင်းထွန်းရင် အသက် ၂၄ နှစ် ကွန်နားကျေးရွာတွင် နေထိုင်သူအား ဘိန်းမဲ နှင့် မူးယစ်ဆေးဆက်စပ်ပစ္စည်းများစသည့် သက်သေခံပစ္စည်းများနှင့်အတူ ပါဝိုင်တို့ သားအမိကို သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



၂၀၁၇ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် မိုးနဲမြို့နယ် ဝမ်နားကျေးရွာအုပ်စု ဖါဝန်ကျေးရွာတွင် မူးယစ်ဆေးကြောင်ကာ မိသားစုများအား ရိုက်နှက်သော မူးယစ်ဆေးသုံးစွဲသူတစ်ဦးအား ဖမ်းဆီးပေးရန် ဒေသခံလူထု၏ တောင်းဆိုချက်အရ  သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ မိုးနဲမြို့နယ် နယ်မြေခံတပ်ရင်းမှ မူးယစ်ဆေးသုံးစွဲမှုလွန်ကဲပြီး ဆေးကြောင်ကာ မိသားစုဝင်များ အား ရိုက်နှက်တတ်သူ လုံးကောဝိအား ၎င်းနေ့ နံနက် ၁၀ နာရီ၌ ဖါဝန်ကျေးရွာမြောက်ဘက်တွင် တူမီးသေနတ် ၂ လက် ၊ ဓါး ၂ လက် ၊ လက်ပစ်ဗုံး ၁ လုံး စသည့် သက်သေခံပစ္စည်းများနှင့်တကွ သျှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေခံတပ်ရင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



လုံးကောဝိမှာ ယခင်က အစိုးရတပ်မတော် လက်အောက်ခံ မတ်ကျိုင်းပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မူးယစ်ဆေး ရောင်းဝယ်နေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိ၍ အမှုဖွင့်အရေးယူခြင်းခံရ ကာ ထောင်ဒဏ် ၇ နှစ် ကျဖူးသူဖြစ်ပြီး ထောင်ဒဏ်မှ လွတ်မြောက်လာပြီးနောက် မတ်ကျိုင်း ပြည်သူ့စစ်အဖွဲ့မှ လုံးကောဝိအား တပ်ဖွဲ့ဝင်စာရင်းမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။

သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား ချမှတ်ထားသည့် ပေါ်လစီနှင့်အညီ မိမိတို့ သျှမ်းပြည်အတွင်း မူးယစ်ဆေးဝါး အမှန်တကယ် ပပျောက်နိုင်ရန် ပြည်သူလူထုနှင့် လက်တွဲညီညီ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး သျှမ်းပြည်တပ်မတော် RCSS/SSA မှ မိုးနဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ ဖမ်းဆီးရမိ

နောက်ဆုံးသတင်းများ