Taifreedom

မောက်မယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ ၁ ဦးကို သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဖမ်းဆီးရမိ

RCSS/SSA ၏ နယ်မြေခံအုပ်ချုပ်ရေးတပ်ရင်းများမှ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးတားဆီး တိုက်ဖျက်ရေးအား စီမံချက်ချလုပ်ဆောင်ရာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ် အတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ တစ်ဦးကို သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ။



ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ နယ်မြေတာဝန်ခံ အုပ်ချုပ်ရေးတပ်ရင်းမှ တာဝန်ရှိသူများက မောက်မယ်မြို့နယ် စဉ့်ဝင်အုပ်စု ရွာသစ်ကျေးရွာအတွင်း မူးယစ်ဆေးဝါးများ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးလက်လီ ရောင်းဝယ်သူ ၁ ဦးအား သက်သေခံ မူးယစ်ဆေးဝါး ယာမဆေးပြား ၂၆ ပြား နှင့် မူးယစ်ဆေးရှူဘူး ၁ ဘူးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးလက်လီရောင်းဝယ်သူမှာ မောက်မယ်မြို့နယ် စဉ့်ဝင်အုပ်စု ရွာသစ်ကျေးရွာတွင် နေထိုင်သူ လုံးတောမ ၏ သား လုံးထွန်း အသက် ၅၄ နှစ်ဖြစ်ကာ လုံးထွန်း ယာမဆေးရှူလာခဲ့သည်မှာ ၅ နှစ် ရှိပြီဖြစ်ပြီး ရောင်းဝယ်တာကတော့ ၃ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

တရားခံ၏ ထွက်ဆိုချက်အရ ယာမဆေးပြားများကို တစ်ပြားလျှင် ၇၀၀ ကျပ်ဖြင့် မောက်မယ်မြို့နယ် ရဲတပ်ဖွဲ့ဝင် အမဲလုံး ဆိုသူထံမှဝယ်ယူကာ တစ်ပြားလျှင် ၁၀၀၀ ကျပ်ဖြင့် တဆင့်ပြန်ရောင်းချပြီး အမဲလုံးမှ တစ်လလျှင် ၅ ခေါက် တစ်ခေါက်လျှင် ယာမဆေးပြား ၅၀ ပြားမှ ၈၀ ပြားအထိ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကြောင်း သိရသည်။

သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ တရားခံ လုံးထွန်းအား သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ နယ်မြေတာဝန်ခံ တာဝန်ရှိသူများမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါးပေါ်လစီနှင့်အညီ ပြစ်ဒဏ်ပေးခြင်း ၊ မူးယစ်ဆေးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းများ ဆက်လက်လုပ်ေဆာင်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး မောက်မယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ ၁ ဦးကို သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဖမ်းဆီးရမိ

နောက်ဆုံးသတင်းများ