Taifreedom

မူးယစ်ဆေးကြောင့် ယောက်ျားဖြစ်သူက မိမိ၏ဇနီးနှင့်သားသမီး ၆ ဦးကို ဓါးဖြင့်ခုတ်သတ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ခေါက်စန့်ကျေးရွာအုပ်စု ကောင်လုံကျေးရွာတွင် မူးယစ်ဆေးကြောင်ကာ မိမိ၏ ဇနီးနှင့် သားသမီး  ၆ ဦးကို ဓါးဖြင့် ခုတ်သတ်သည့်အမှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိ။



ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကျေးသီးမြို့နယ် ကောင်လုံကျေးရွာတွင် နေထိုင်သူ စိုင်းအောင် အသက် ၃၈ နှစ်သည် မူးယစ်ဆေးစွဲကာ မူးယစ်ဆေးသွားဝယ်ဖို့ ၎င်း၏ ဇနီးဖြစ်သူ နန်းဖြိုင် အသက် ၃၂ နှစ်ထံ ပိုက်ဆံတောင်းရာ ဇနီးဖြစ်သူမှ ပိုက်ဆံမပေးသဖြင့် ၎င်း၏ ဇနီး နှင့် သားသမီး စုစုပေါင်း ၇ ဦးကို နေအိမ်အတွင်း ၂၄ နာရီကြာ ပိတ်လှောင်ထားပြီး နောက်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် မူးယစ်ဆေးကြောင်ကာ ၎င်း၏ ဇနီးဖြစ်သူနှင့် သားသမီး ၆ ဦးကို ဓါးဖြင့် ပွဲချင်းပြီး ခုတ်သတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်နီးချင်းဖြစ်သူက တိုင်းဖရီးဒွမ်းထံ - “စိုင်းအောင် နဲ့ နန်းဖြိုင်တို့ လင်မယားက ခါတိုင်းဆိုရင် စကားများတာတွေ သိပ်မရှိဘူး ၊ ယာတောထဲမှာ ညအိပ်ပြီး ရွာထဲကို ပြန်လာနေတာ ၂ ညဘဲရှိသေးတာ ၊ စိုင်းအောင်ကလည်း မူးယစ်ဆေးစွဲတဲ့သူဆိုတော့ ဘိန်းမဲတွေ ယာမတွေဝယ်ဖို့ မိန်းမဆီပိုက်ဆံတောင်းတာ မပေးတော့ ဆေးကြောင် ကြောင်ပြီး သူတို့သားအမိ ၇ ယောက်ကို အိမ်ထဲလှောင်ထားတာ တစ်ရက်လောက်ရှိမယ်ထင်တယ် ၊ နောက်တစ်ရက် ညနေပိုင်း ၅ နာရီလောက်ကျတော့ နန်းဖြိုင်တို့သားအမိ ကို စိုင်းအောင်က ဓါးနဲ့လိုက်သတ်တာ ၆ ယောက်စလုံး သေသွားတယ် ၊ သူ့မိန်းမနဲ့ ကလေးတွေကို သတ်ပြီးရော စိုင်းအောင်က သူ့ကိုယ်သူ ကြိုးဆွဲချ အဆုံးစီရင်လိုက်တယ် ၊  သူ့တူမလေးနန်းလော အသက် ၁၃ နှစ်ကတော့ ထွက်ပြေးသွားတာ လွတ်သွားတယ်” ဟု ပြောကြားခဲ့သည်။

မူးယစ်ဆေးကြောင့် အပြစ်မရှိဘဲ သေဆုံးရသူများမှာ - (၁) နန်းဖြိုင် အသက် ၃၂ နှစ် (ဇနီးဖြစ်သူ) ၊ ၎င်း၏ သားသမီးများဖြစ်သည့် (၂) နန်းလောဝ် အသက် ၁၄ နှစ် ၊ (၃) စိုင်းကြာ အသက် ၁၀ နှစ် ၊ (၄) စိုင်းခင် အသက် ၄ နှစ် ၊ (၅) နန်းအိမ် အသက် ၂ နှစ် နှင့် ၎င်း၏ တူ၊ တူမဖြစ်သူ (၆) နန်းရွှေ အသက် ၁၄ နှစ် တို့ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ စိုင်းအောင်နှင့် နန်းဖြိုင်တို့တွင် သားသမီး ၅ ဦးရှိကာ ၄ ဦးသေဆုံးပြီး အသက် ၁၂ နှစ် အရွယ် ဒုတိယမြောက် သားဖြစ်သူကတော့ ကျောင်းသွားတက်နေသည့်အတွက် သေဘေးမှ လွတ်မြောက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးကြောင့်  မိသားစုဝင်များ သေဆုံးသည်အထိဖြစ်ပျက်ခဲ့ရသည်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက တိုင်းဖရီးဒွမ်းထံ- “မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ကို ဒေသတာဝန်ရှိသူတွေဆီ အကြောင်းကြားထားပြီးသား သူတို့ကလည်း မူးယစ်ဆေးအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ အသိပညာပေးတွေလည်း လာဟောပြောတယ် ၊ ဒါပေမယ့် သူတို့က ကိုယ်တိုင်ကွင်းဆင်းပြီး ဖမ်းဆီးမှုတွေမရှိတော့ မူးယစ်ဆေးဆိုတာ ဒီဒေသကနေ တကယ်မပျောက်နိုင်ဘူး ၊ ပိုပြီးတော့တောင် ပေါလာတယ်လို့ပြောရမယ် ၊ ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် အနာဂါတ်လူငယ်တွေအတွက် ရင်လေးစရာပဲ ၊ ရပ်ကွက်လူကြီးတွေလဲ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မနိုင်တော့ဘူး ၊ ဒီမူးယစ်ဆေး ကိစ္စနဲ့ ပတ်သက်ပြီး ပပျောက်အောင် ဘယ်လိုဆက်လုပ်ရမယ်မှန်း ကျွန်တော်တို့လဲ မသိတော့ဘူး” လို့ မူးယစ်ဆေးအန္တရာယ်နဲ့ ပတ်သက်ပြီး စိုးရိမ်သူ ဒေသခံတစ်ဦးက ယခုလို ပြောကြားခဲ့သည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး မူးယစ်ဆေးကြောင့် ယောက်ျားဖြစ်သူက မိမိ၏ဇနီးနှင့်သားသမီး ၆ ဦးကို ဓါးဖြင့်ခုတ်သတ

နောက်ဆုံးသတင်းများ