Taifreedom

သျှမ်းမြောက်ပိုင်းတွင် TNLA တပ်ဖွဲ့နှင့် RCSS/SSA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ် ၊ မိုင်းငေါ့မြို့နယ်ခွဲ နှင့် သီပေါမြို့နယ်တို့တွင် TNLA တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့တို့ ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ။



၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်၌ TNLA တပ်ဖွဲ့၏ တပ်မဟာ (၂)မှ  အင်အား ၁၀၀ ကျော်ခန့်သည် ကျောက်မဲ-နမ့်ဆန်နယ်စပ်ကြားရှိ တော့ဖယ်ကျေးရွာနှင့် ကိုင်တိုင်ကျေးရွာကြားတွင် လှုပ်ရှားလျှက်ရှိသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက် ခဲ့သောကြောင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ၂ နာရီကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ ၁ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရရှိပြီး TNLA တပ်ဖွဲ့၏ M-22 အမျိုးအစား ကျည်အိမ် ၃ ခု ၊ ကျည်ဆံ ၈၅ လုံး ၊ ယမ်းလိပ် ၁ လိပ် နှင့် လက်ပစ်ဗုံး  တို့ကို RCSS/SSA တပ်ဖွဲ့မှ သိမ်းဆည်းရမိပြီး TNLA တပ်ဖွဲ့မှ ၃ ဦးသေ ၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၁:၄၅ အချိန်တွင်လည်း TNLA တပ်ဖွဲ့မှ အင်အားထပ်မံဖြည့်တင်းကာ RPG လက်နက်ကြီး နှင့် စက်သေနတ်ဖြင့် ကိုင်တိုင်ရွာအနီးရှိ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့အား ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာကတော့ တော်တော်ပြင်းတယ် ၊ TNLA  ဘက်က လက်နက်ကြီးတွေ သုံးပြီးတော့ ထိုးတက်လာတယ် ၊ လုံးဝနောက်မဆုတ်ဘူး ၊ ကျွန်တော်တို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တော့မှ TNLA ဘက်က ပြန်နောက်ဆုတ်သွားတာ ၊ နေ့လည် ၁ နာရီလောက်မှ TNLA က ပြန်ဆုတ်သွားတယ် ၊ သူတို့ တပ်စခန်းရှိတဲ့ ပိန်းလွယ်ဘက်ကို ပြန်ဆုတ်သွားပြီ ၊  ထိခိုက်ကျဆုံးမှုကတော့ စိစစ်နေဆဲပဲ ” ဟု တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ RCSS/SSA  မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။



အလားတူစွာ ၎င်းဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀:၅၅ အချိန်၌လည်း TNLA တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ မန်ခေါက်အုပ်စု ခုံငင်းကျေးရွာအနီးတွင် တစ်နေရာနှင့် သီပေါမြို့နယ် ဟူးနန်းကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရှိရသေးပါ။

သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း၌ လှုပ်ရှားလျှက်ရှိသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့အား ပလောင်လက်နက်ကိုင် TNLA တပ်ဖွဲ့က စတင်ထိုးစစ်ဆင်ခဲ့သောကြောင့် နှစ်ဖက်တပ်များ ယခုချိန်ထိ စစ်ရေးတင်းမာမှုရှိခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ အား ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သော်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း တိုက်ပွဲ သျှမ်းမြောက်ပိုင်းတွင် TNLA တပ်ဖွဲ့နှင့် RCSS/SSA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

နောက်ဆုံးသတင်းများ