Taifreedom

အစိုးရတပ်မတော် ခမရ-၅၇၇ စစ်ကြောင်း နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲထပ်မံဖြစ်ပွား

အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-၁၇ လက်အောက်ခံ အစိုးရတပ်မတော် ခြေမြန်တပ်ရင်း အမှတ်-၅၇၇ စစ်ကြောင်း နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် တွင် ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ။



၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂:၁၂ မိနစ်အချိန်တွင် ကျေးသီးမြို့နယ် ပန်ကတ်ကျေးရွာမှ ဝမ်ချင်ကျေးရွာအုပ်စု ဝမ်နွဲ့ကျေးရွာ-မန်မွမ်းကျေးရွာသို့ တောတွင်းလှုပ်ရှားလာသည့် အင်အား ၈၀ ရှိသည့် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း အမှတ် ၅၇၇ စစ်ကြောင်းနှင့်  တောတွင်းဟင်းရွက်ရှာနေသော သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ နယ်မြေတာဝန်ခံတပ်ရင်းမှ အင်အား ၃ ဦးရှိ (RCSS/SSA)  တပ်ဖွဲ့ဝင်များနှင့် ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာအုပ်စု မန်မွမ်းကျေးရွာ နှင့် ကုန်းဆာ ကျေးရွာကြားတွင် ရင်ဆိုင်တိုက်ပွဲ ၃ မိနစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သျှမ်းပြည်တပ်မတော် (RCSS/SSA) ဘက်မှ ဦးစွာ တိုက်ပွဲတွင်းမှ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၅၇၇) ဘက်မှ တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သျှမ်းပြည်တပ်မတော် (RCSS/SSA) ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် ပါရှိသည့် နှစ်ဖက်တပ်များ ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှုမရှိစေရေးအတွက်စက်ဆက်သွယ်မှု ၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှုနည်းလမ်းများ ရယူလျက် ချက်ချင်းဆောင်ရွက်ရန် ဟူသည့်အချက်အတိုင်း အစိုးရတပ်မတော်ဘက်မှ စာချုပ်ပါ သဘောတူညီချက်ကို လေးစား တန်ဖိုးမထားဘဲ RCSS ဆက်ဆံရေးရုံးထံ အကြောင်းကြားခြင်း လုံးဝမရှိဘဲ တောတွင်းလှုပ်ရှားသွား လာမှုများကြောင့် ယခုလို ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။ 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် အစိုးရတပ်မတော်တို့ NCA လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၅ ခုနှစ်မှစ၍ ၂ နှစ်ကျော် ကာလအတွင်း အစိုးရ တပ်မတော်ဘက်မှ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဆက်ဆံရေးရုံးထံ အကြောင်းကြား ခြင်းမရှိဘဲ လှုပ်ရှားသွားလာခြင်း ၊ နယ်မြေရှင်းလင်းခြင်း နှင့် တောနင်းလိုက်လံရှာဖွေခြင်းတို့ကြောင့် NCA လက်မှတ်ရေးထိုးခဲ့သည့် ၂ နှစ်ကျော် ကာလအတွင်း အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ရင်ဆိုင်တိုက်ပွဲ ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း တိုက်ပွဲ အစိုးရတပ်မတော် ခမရ-၅၇၇ စစ်ကြောင်း နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲထပ်မံဖြစ်ပွား