Taifreedom

ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို လွိုင်တိုင်းလျဲန်းရှိ သျှမ်းအမျိုးသားကျောင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပ

ယနေ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေးအလုပ်အမှုဆောင် ကော်မတီမှ ဦးဆောင်၍ (RCSS) ဌာနချုပ် လွိုင်တိုင်းလျဲန်းရှိ သျှမ်းအမျိုးသားကျောင်း၌ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိ။



အခမ်းအနားကို နံနက် ၈:၃၅ အချိန်တွင် စတင်ကျင်းပခဲ့ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဒုတိယ-၂ ဥက္ကဋ္ဌ ဗိုလ်ချုပ်ခေးငင်းမှ အဖွင့်အမှာစကားပြောခဲ့ပြီး အဆိုပါ အခမ်းအနားသို့ RCSS ၏ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဆရာဆရာမများ ၊ သံဃာတော်များ နှင့် ကျောင်းသူကျောင်းသား ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

လွိုင်တိုင်းလျဲန်းရှိ သျှမ်းအမျိုးသားကျောင်းတွင် ကျင်းပခဲ့သည့် ကလေးများနေ့ အထိမ်းအမှတ်အနေ ဖြင့် ကလေးများ စာစီစာကုံးပြိုင်ပွဲ ၊ ကဗျာ ၊ ပန်းချီ ၊ စကားရည်လုပွဲ နှင့် အားကစားပြိုင်ပွဲတို့အပြင် ပျော်ပွဲရွှင်ပွဲများအား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသည့် ကျောင်းသားကျောင်းသူများအား ဆုပေးချီးမြှင့်ခြင်းများသာမက လွိုင်တိုင်းလျဲန်းရှိ သျှမ်းအမျိုးသား ကျောင်းတာဝန်ခံ ခူးဆိုင်မိန်းမှ ကျောင်းသားကျောင်းသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို RCSS ၏ ပညာရေးဗဟို အလုပ်အမှုဆောင် ကော်မတီမှ ဦးဆောင် ကမကထပြု၍ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ RCSS ၏ ဌာနချုပ်ဖြစ်သော လွိုင်းတိုင်းလျဲန်းဌာနချုပ်ရှိ သျှမ်းအမျိုးသားကျောင်း အပါအဝင် ထိုင်း-သျှမ်း နယ်စပ်တစ်လျှောက်ရှိ လွယ်ကော်ဝမ်း ၊ ကောင်းမုန်မိန်း ၊ လွယ်ဆမ်ဆစ် အစရှိသည့် နယ်စပ်တစ်လျှောက်ရှိ သျှမ်းအမျိုးသားကျောင်း ၁၇ ကျောင်းတွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေးပေါ်လစီနှင့်အညီ ကလေးသူငယ် များအား သျှမ်းစာပေ နှင့် ယဉ်ကျေးမှုအမွေအနှစ်အပါအဝင် နောင်အနာဂါတ်ခေါင်းဆောင်များ ဖြစ်လာမည့် ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေး နှင့် အယူအဆများ ထက်မြက်လာစေရန် ၊ ကလေးများ၏ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန် နှင့် ကလေးများ၏ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို လွိုင်တိုင်းလျဲန်းရှိ သျှမ်းအမျိုးသားကျောင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပ

နောက်ဆုံးသတင်းများ