Taifreedom

ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား နောင်ချိုမြို့ (SNLD) အဖွဲ့ဝင်များမှ စားနပ်ရိက္ခာများကူညီ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့ အောင်မြေသာယာဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား နောင်ချိုမြို့ ဦးစိုင်းအောင်လွင် ဦးဆောင်သည့် သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အဖွဲ့ဝင်များမှ စားနပ်ရိက္ခာများ ကူညီခဲ့ကြောင်း သတင်းရရှိ။



ဦးစိုင်းအောင်လွင် ဦးဆောင်သည့် နောင်ချိုမြို့ (SNLD) အဖွဲ့ဝင်များမှ ဆန် ၁၃ အိတ် ၊ ဆီ ၅ ပုံး နှင့် အခြားသော စားနပ်ရိက္ခာများ တန်ဖိုးစုစုပေါင်း ငွေကျပ် ၇ သိန်းခန့်ကို ကျောက်မဲမြို့ အောင်မြေသာယာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား စားနပ်ရိက္ခာများ ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် နမ့်ဆန်မြို့နယ်ကြားရှိ ကျောက်ဖြူကျေးရွာ ၊ အာပြောင်ကျေးရွာ ၊ ကိုင်တိုင်ကျေးရွာ ၊ နားလွေးကျေးရွာအနီးတွင် တပ်မတော် နှင့် ပလောင် လက်နက်ကိုင် (TNLA) တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုကြောင့် ထိုဒေသတွင်းရှိ ဒေသခံ  ၁၀၀၀ ကျော်သည် ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးခိုလှုံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည် တစ်ထောင်ကျော်ကို အောင်မြေသာယာ ၊ အောင်ဓမ္မာရုံ ၊ အောင်မင်္ဂလာ နှင့် ဝါဆိုကျောင်း စသည့် ကျောက်မဲမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံခဲ့ရပြီး မိုင်းငေါ့မြို့နယ်ခွဲရှိ စစ်ဘေးရှောင်စခန်း ၂ ခုတွင်လည်း စစ်ဘေးရှောင် ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့ အောင်မြေသာယာဘုန်းတော်ကြီးကျောင်းတွင် စစ်ရှောင်ဒုက္ခသည် ကိုင်တိုင်ကျေးရွာ ဒေသခံ ၁၈၆ ဦး (ကျား ၈၉ ဦး ၊ မ ၉၇ ဦး) နှင့် အာပြောင်ကျေးရွာဒေသခံ ၃၈ ဦး (ကျား ၁၄ ဦး ၊ မ ၂၄ ဦး) စုစုပေါင်း ၂၂၄ ဦး ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ မှစ၍ တပ်မတော်နှင့် ပလောင်လက်နက်ကိုင် (TNLA) တို့ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ နမ္မတူ ၊ နမ့်ဆန် နှင့် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုချိန်ထိ နှစ်ဖက်တပ်များ စစ်ရေးတင်းမာမှု ရှိနေသေးကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား နောင်ချိုမြို့ (SNLD) အဖွဲ့ဝင်များမှ စားနပ်ရိက္ခာများကူညီ

နောက်ဆုံးသတင်းများ