Taifreedom

သျှမ်း-တရုတ်-ကချင်နယ်စပ် ထုင့်လွယ်ဟိုဆေဒေသတွင် သျှမ်းလူငယ်အဖွဲ့အစည်းများ အသည်းရောင် အသားဝါ ဘီပိုး စီပိုး အခမဲ့ ကာကွယ်ဆေးထိုးပေး

နမ့်ခမ်းမြို့နယ် နှင့် ထုင့်လွယ်ဟိုဆေဒေသရှိ သျှမ်းလူငယ်အဖွဲ့အစည်း (TYO) နှင့် တိုင်းရင်းသားညီနောင်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ သျှမ်း-တရုတ်-ကချင်နယ်စပ် ထုင့်လွယ်ဟိုဆေဒေသသို့ အသည်းအရောင် အသားဝါ ဘီပိုး စီပိုး ကာကွယ်ဆေးထိုးခြင်း နှင့် ရောဂါပိုးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိ။



အခမဲ့ကာကွယ်ဆေးထိုးခြင်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာတွင် တစ်ကြိမ် နှင့် ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်ဟီးကျေးရွာရှိ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုခန်းမတွင် တစ်ကြိမ် အသည်းရောင် အသားဝါ ဘီပိုး စီပိုးကာကွယ်ဆေးထိုးပေးခြင်း ၊ ရောဂါပိုးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အသည်းရောင်အသားဝါ ဘီပိုးစီပိုး ဆေးစစ်ပေးသူ ဆရာ စိုင်းနော်မိန်းမှ- “ကျွန်တော်တို့ စစ်ဆေးခဲ့တာကတော့ အယောက်တစ်ရာမှာ ဘီပိုး ၁၀ ယောက်လောက်တွေ့တယ် ၊ အဲဒါကြောင့် အခုလို ကာကွယ်ဆေးလာထိုးပေးရတာပါ ၊ ကာကွယ်ဆေးထိုးပြီးရင်တော့ ဒီပိုးတွေကနေ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖို့ မလွယ်ကူတော့ဘူး ၊ ဘီပိုးကာကွယ်ဆေးက သုံးခေါက်ဆက်တိုက် ထိုးပေးမှ စိတ်ချရပါတယ် ၊ ဒီနှစ်အတွက်ကတော့ ကာကွယ်ဆေး ထိုးထားပြီဆိုတော့ သိပ်ပူစရာမလိုတော့ပါဘူး” ဟု ဆရာ စိုင်းနော်မိန်းမှ တိုင်းဖရီးဒွမ်းအား ယခုလိုပြောကြားခဲ့သည်။

ဆက်လက်၍ ဆရာ စိုင်းနော်မိန်းမှ စီပိုးနှင့် ပတ်သက်ပြီး “ကျွန်တော်တို့ ဆေးစစ်ချက်အရ ဒေသခံတွေမှာ စီပိုးမတွေ့ရပါဘူး ၊ နောက်ပြီးတော့ စီပိုး ကာကွယ်ဆေးကလဲ မရှိသေးတာကြောင့် ဒေသခံတွေကို စီပိုးနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေ ပြောကြားခဲ့တယ် ၊ ဥပမာအနေနဲ့ဆိုရင် အိမ်တစ်အိမ်မှာ စီပိုးတစ်ယောက်ရှိတယ်ဆိုရင် ကိုယ့်အိမ်ထဲက လူတွေဆီကို အလွယ်တကူ မကူးစက်နိုင်ဘူး ၊ သူတို့က ကြားဖူးထားတာက ရောဂါရှိပြီဆိုရင် သူတို့ဆီကူးမှာစိုးလို့ ဝေးဝေးမှာဘဲ နေခိုင်းတော့တာလေ ၊ အဲလောက်ထိ လုပ်ဖို့မလိုဘူးလို့ ရှင်းပြရတာတွေလဲရှိတယ် ၊ အခုတော့ ဘီပိုး ကာကွယ်ဆေးထိုးထားပြီ သိပ်ပြီးတော့ ပူစရာမလိုတော့ဘူး ဘီပိုးက အချိန်မီ ဆေးကုသမှုခံယူလိုက်ရင် လုံးဝပျောက်ကင်းနိုင်တယ်လို့ ပြန်ရှင်းပြရတယ်” ဟု ဆရာ စိုင်းနော်မိန်းမှ ပြောကြားခဲ့သည်။

နမ့်ခမ်းမြို့နယ် နှင့် ထုင့်လွယ်ဟိုဆေဒေသရှိ သျှမ်းလူငယ်အဖွဲ့အစည်း (TYO) နှင့် တိုင်းရင်းသားညီနောင်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ သျှမ်း-တရုတ်-ကချင် နယ်စပ် ထုင့်လွယ်ဟိုဆေဒေသရှိ မန်ဆွမ်းကျေးရွာ ၊ နမ့်ဟီးကျေးရွာ ၊ ဆွန်ခါးကျေးရွာ ၊ အိုင်တိုင်ကျေးရွာ ၊ ကုန်းခမ်းကျေးရွာ ၊ ပန်ခမ်းကျေးရွာ ၊ ကုတ်လုံကျေးရွာ နှင့် နောင်စွမ်းကျေးရွာမှ ဒေသခံအယောက် ၂၅၀ ကျော်ကို ကာကွယ်ဆေးထိုးပေးခဲ့ပြီး ယခုတစ်ကြိမ် ဘီပိုးစီပိုး ကာကွယ်ဆေးထိုးပေးခြင်းမှာ ထုင့်လွယ်ဟိုဆေဒေသတွင် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း သျှမ်း-တရုတ်-ကချင်နယ်စပ် ထုင့်လွယ်ဟိုဆေဒေသတွင် သျှမ်းလူငယ်အဖွဲ့အစည်းများ အသည်းရောင် အသားဝါ ဘီပိုး စီပိုး အခမဲ့ ကာကွယ်ဆေးထိုးပေး