Taifreedom

RCSS ၏ ပညာရေးအလုပ်အမှုဆောင်ကော်မရှင်အဖွဲ့ မောက်မယ်မြို့နယ် ကန်တူးလုံကျေးရွာ အုပ်စု ဒေသခံများနှင့် တွေ့ဆုံကာ လိုအပ်သည်များကိုကူညီ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေးအလုပ်အမှုဆောင်ကော်မရှင် (RCSS Education Commission) အဖွဲ့မှ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ် ကန်တူးလုံကျေးရွာအုပ်စု ဒေသခံများနှင့် ကျောင်းသားလူငယ်များနှင့် သွားရောက်တွေ့ဆုံအားပေးပြီး လိုအပ်သည်များကို ကူညီဖြေရှင်းခဲ့ကြောင်း သိရသည်။



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေးပေါ်လစီမူဝါဒနှင့်အညီ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ RCSS ၏ ပညာရေးအလုပ်အမှုဆောင် ကော်မရှင် အဖွဲ့ဝင် တပ်ကြပ်ကြီး စိုင်းတောင့်ဖ ဦးဆောင်ကာ မောက်မယ်မြို့နယ် ကန်တူးလုံကျေးရွာအုပ်စုရှိ (၁) ဖာလွမ့်ကျေးရွာ ၊ (၂) ပန်ကျိုင်းကျေးရွာ နှင့် (၃) မွေတော်(သို့)ဆေးတန်းကျေးရွာ ဒေသခံများနှင့် နှစ်ရက်တာ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကန်တူးလုံကျေးရွာ ရပ်မိရပ်ဖများ ၊ သံဃာတော်များ ၊ ဆရာဆရာမများ နှင့် RCSS ၏ ပညာရေး အလုပ်အမှုဆောင်ကော်မရှင်အဖွဲ့တို့ ဆေးတန်းကျေးရွာ မွေတော်ကျောင်းတိုက်၌ အစည်းအဝေး တစ်ရပ်ကျင်းပကာ RCSS ၏ ပညာရေးအလုပ်အမှုဆောင်ကော်မရှင်အဖွဲ့ တာဝန်ရှိသူမှ RCSS ၏ ပညာရေးပေါ်လစီမူဝါဒများနှင့် RCSS ၏ ပညာရေးရည်မှန်းချက်များကို ရှင်းလင်းပြောကြားပြီးနောက်  မွေတော်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် စောဝ်ဆရာပေတိမှ - အခုက ပညာရေးခေတ်ဆိုတော့ ကျေးရွာအုပ်စုထဲက လူကြီးတွေနဲ့ ဆရာဆရာမတွေ စုပေါင်းပြီးတော့ ကျေးရွာအုပ်စုထဲက ကလေး တွေကို ပညာရေးဘက် စိတ်ဝင်စားလာအောင် ပြုစုပျိုးထောင်ပေးဖို့ လိုတယ် ၊ မိဘတွေကိုယ်တိုင်ကလည်း ကလေးတွေ စာသင်ဖို့ တိုက်တွန်းရမယ် ၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်း ကလေးတွေ ပညာတတ်မှ အနာဂတ်မှာ မျိုးဆက်သစ်လူစွမ်းကောင်း ၊ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာမယ် ၊ ဒါကြောင့်မို့လို့ ပညာရေးဆိုတာ အင်မတန်မှ အရေးကြီးတယ်” ဟု ဆရာတော်မှ ယခုလို ဩဝါဒစကား ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေး၏ နှစ်ဘက်သဘောတူ ဆုံးဖြတ်ချက်အရ (၁) ကန်တူးလုံကျေးရွာအုပ်စုအတွင်းရှိ အသက် ၆ နှစ်မှ ၁၄ နှစ်အရွယ် ကလေးငယ်တိုင်း ကျောင်းတက်ရမည် ၊ (၂) ကျောင်းနေကလေးငယ်များ သတ်မှတ်ထား သည့် ကျောင်းခေါ်ကြိမ် ရာခိုင်နှုန်းပြည့်သည်အထိ တက်ရမည် ၊ (၃) ကျောင်းဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဆရာဆရာမများ လစဉ်အစည်းအဝေးပြုလုပ်ကာ ကျောင်းရှိလိုအပ် သည်များကို စစ်ဆေးရန် နှင့် (၄) ကျေးရွာရပ်မိရပ်ဖများ နှင့် ကျောင်းဆရာဆရာမများ လစဉ်ပုံမှန် အစည်းအဝေးပြုလုပ်ကာ စာသင်ကြားခဲ့သည့် ကာလအတွင်း ကြုံတွေ့ရသည့် အားနည်းချက် အားသာချက်များကို ဆွေးနွေးတိုင်ပင်ရန် တို့ဖြစ်ကြောင်း သိရသည်။

မောက်မယ်မြို့နယ် ကန်တူးလုံကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၈ ရွာ လူဦးရေ ၁၀၀၀ ကျော် ရှိပြီး  ဒေသခံများက တောင်ယာ ၊ လယ်ယာ ၊ ကွမ်းသီး နှင့် ကွမ်းရွက်လုပ်ငန်းများ လုပ်ကိုင်စားသောက်ကြပြီး ထိုဒေသရှိ ကလေးငယ်များ စာသင်ကြားမှု နည်းပါးနေသေးကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း RCSS ၏ ပညာရေးအလုပ်အမှုဆောင်ကော်မရှင်အဖွဲ့ မောက်မယ်မြို့နယ် ကန်တူးလုံကျေးရွာ အုပ်စု ဒေသခံများနှင့် တွေ့ဆုံကာ လိုအပ်သည်များကိုကူညီ