Taifreedom

RCSS/SSA အဖွဲ့မှ ထီကံထူးရှင် ပင်လုံမြို့ခံအား ဆက်ကြေးကောက်သည်ဟူသည့် သတင်း အမှန်တရားပေါ်ပြီ

လွန်ခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့က ကမ္ဘောဇ လို့အမည်ရတဲ့ ဖေ့ဘုတ်ခ်ပေ့ချ်တစ်ခုက ပင်လုံမြို့ခံမှ ကံကောင်းလို့ ထီပေါက်တဲ့ မိသားစုကို RCSS/SSA အဖွဲ့က အရှက်မရှိ ဆက်ကြေးတောင်းခံမှုကြောင့် ပင်လုံမြို့မှ ရွှေ့ပြောင်းရ ဆိုတဲ့  ကံထူးရှင် ထီ ၁ သိန်း ၁သောင်းဆုရှင် ကိုမောင်ပေးအမည်ကို အလွှဲသုံးစားပြုလုပ်ပြီး RCSS/SSA အဖွဲ့ကို မဟုတ်မမှန် အကောက်ကြံ အပုတ်ချရေးသား သည့်သတင်းအား ထီပေါက်သူ ကံထူးရှင်ကိုယ်တိုင်က သူ့ရဲ့ဖေ့ဘုတ်ခ် စာမျက်နှာမှာ  မဟုတ်မမှန်တဲ့ သတင်းတစ်ပုဒ်သာ ဖြစ်ကြောင်း တရားဝင်ပြန်လည်ရေးသား တုံ့ပြန်လိုက်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ ည ၀၈:၄၆ နာရီအချိန်က ကမ္ဘောဇ ဖေ့ဘုတ်ခ်ပေ့ချ်မှ RCSS/SSA အဖွဲ့ကို ယခုလို လုပ်ကြံရေးသားထားပါသည်။

ကျွန်တော်လေ အဲဒီ သိန်း ၁ သောင်းဆုကြီးကို ဆုငွေထုတ်ပြီးပါက ပင်လုံမြို့မှာ ထီပေါက်လို့ရတဲ့ ပိုက်ဆံနဲ့ အလှူအတန်းတွေ ပြုလုပ်ပြီးအေးချမ်းစွာနေထိုင်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထံကို ထီ သိန်း ၁ သောင်းပေါက်လို့ဆိုပြီး RCSS/SSA အဖွဲ့က ယောက်ျားသား ၂ ဦး ဆိုင်ကယ်နဲ့ ရောက်လာပါတယ်။ မင်းဒီလောက်အများကြီးရတာ ငါတို့ရှမ်းပြည် RCSS/SSA အဖွဲ့ကို ပိုက်ဆံအခွန် သိန်း ၅၀၀ ပေးရမယ်ဆိုပြီး လာတောင်းပါတယ်။ မင်းတို့မပေးရင် ငါတို့ရှမ်းပြည်မှာ မနေရဘူးဆိုပြီးတော့လည်း ခြိမ်းခြောက်ပါတယ်။ ကျွန်တော့အနေနဲ့ RCSS ကတောင်းတဲ့ သိန်း ၅၀၀ ကိုပေးပြန်ရင်လည်း တစ်ခါတည်းနဲ့ မပြီးဘဲ နောက်ထပ်သူတို့ ပိုက်ဆံလိုတိုင်း ထပ်ကာတလဲလဲ တောင်းနေအုန်းမှာဘဲ မပေးရင်လည်း ကျွန်တော်တို့ မိသားစု အသက်ကို ရန်ရှာမှာစိုးလို့ ကျွန်တော့ဇနီးရဲ့ ဇာတိဖြစ်တဲ့ နတ်မောက်နယ်ဘက်ကို ရန်ကုန်မှာ သိန်း ၁ သောင်းဆုငွေထုတ်ပြီးတာနဲ့ မိသားစု တစ်စုလုံးပြောင်းမယ်ဗျာ” ဟု ထီသိန်း ၁ သောင်းဆုရှင် ကိုမောင်ပေးက ပြောကြားထားတယ်လို့ အမည်ခံပြီး RCSS/SSA တပ်ဖွဲ့ကို အပုတ်ချသော သတင်း ရေးသားထားသည်ကို တွေ့မြင်ရပါသည်။

ထို့အပြင် ပင်လုံမြို့ဒေသခံတစ်ဦးကပြောကြားထားသည်ဟု ဆိုကာ ယခုလို RCSS/SSA တပ်ဖွဲ့ကို အပြစ်ဖွဲ့ရေးသားထားပါသေးသည်။

နိုင်ငံတော်ကနေ တရားဝင်ရောင်းချတဲ့ အောင်ဘာလေ ထီပေါက်တဲ့သူကို အရှက်မရှိ ဆက်ကြေးအခွန်ကောက်တဲ့ RCSS/SSA အဖွဲ့ကို ပင်လုံမြို့ခံလူထုကလည်း မောင်ပေးကဲ့သို့ ရွံမုန်းနေကြပါတယ်။ RCSS/SSA အဖွဲ့က NCA လက်မှတ်ရေးထိုးထားပေမယ့် NCA လက်မှတ်မထိုးခင်ကလိုပဲ ဒေသခံတွေအပေါ် အခွန်မျိုးမျိုး ဆက်ကြေးအမျိုးမျိုးကောက်နေတာကို ကြောက်လို့သာပေးနေရတာ အားလုံးက ရွံ့မုန်းနေကြပါတယ်။ တစ်ကယ်ဆို ထီပေါက်လို့ ကံထူးလို့ ရတဲ့ငွေနဲ့ ဘာပစ္စည်း ဝယ်ဝယ် အိမ်ဘယ်လောက်ကြီးကြီး ဆောက်ဆောက် နိုင်ငံတော်အစိုးရက တရားဝင်အခွန်ကင်းလွှတ်ခွင့် ပေးထားပါတယ်။ နိုင်ငံတော် အစိုးရမှ အခွန်ကင်းလွှတ် ခွင့်ပေးထားသော ဦးဇော်ထွေး (ခ) ကိုမောင်ပေးကို အရှက်မရှိ သိက္ခာမရှိ  ဆက်ကြေးအခွန်တောင်းတဲ့ RCSS ကို ဒေသခံတွေ အားလုံးက ရွံမုန်းလျက်ရှိကြောင်း ပင်လုံမြို့ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါတယ်” ဟု ပင်လုံမြို့ ဒေသခံတွေက RCSS/SSA တပ်ဖွဲ့ကို မုန်းတီးကြတယ်လို့ ထပ်မံလုပ်ကြံ ရေးသားထားပါသေးသည်။

ယခုလို ကမ္ဘောဇ ဖေ့ဘုတ်ခ်ပေ့ချ်ကနေ ရေးသားထားတဲ့ မဟုတ်မမှန် အကောက်ကြံသတင်းကို ကံထူးသူ ထီသိန်း ၁ သောင်းဆုရှင် ကိုမောင်ပေးကိုယ်တိုင်က စက်တင်ဘာလ ၂၈ ရက်နေ့မှာပဲ သူရဲ့ ဖေ့ဘုတ်ခ်စာမျက်နှာကနေပြီးတော့ မဟုတ်မမှန် အကောက်ကြံ သတင်းသာဖြစ်ကြောင်း အခုလို ပြန်လည်တုန့်ပြန် ရေးသားထားပါသည်။

အောက်တန်းကျစွာ အဖွဲ့အစည်းများနှင့် အထင်အမြင်လွဲမှားအောင် သတင်းရေးသားသော ကမ္ဘောဇ အကောင့်ပိုင်ရှင်မှ အမြန်ဆုံးဖြေရှင်းပေးပါရန် မိမိအနေနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခု post ကို ဖတ်ရှုမိသော မိတ်ဆွေသူငယ်ချင်းများအားလုံး မိမိအား ကူညီသည့်အနေဖြင့် ပြန်လည် မျှဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကမ္ဘောဇ ဖေ့ဘုတ်ခ်ပေ့ချ်မှ ကျွန်တော် ကိုမောင်ပေးအား မဟုတ်မမှန်ရေးသားထားမှုအား ၎င်းရေးသားထားသော post တင်ပြရင်း ရေးသားသူမှ တာဝန်ယူဖြေရှင်းမှု  အမြန်ဆုံးပြုလုပ်ပေးပါရန် သတိပေးပါသည်” ဟု ကံထူးရှင် ကိုမောင်ပေးကိုယ်တိုင် ၎င်း၏ ဖေ့ဘုတ်ခ်စာမျက်နှာတွင် မဟုတ်မမှန်သတင်း သာဖြစ်ကြောင်း ပြန်လည်ဖွင့်ဟ ရေးသားလိုက်ခြင်းဖြစ်သည်။

ကံထူးရှင်ကိုမောင်ပေးက သူ၏ ဖေ့ဘုတ်ခ်စာမျက်နှာတွင် မဟုတ်မမှန်သတင်းသာဖြစ်ကြောင်း ပြန်လည်ပြောကြားလိုက်ပြီး မကြာမီမှာပင် ထိုလုပ်ကြံသတင်းရေးသားသော ကမ္ဘောဇ ဖေ့ဘုတ်ခ်ပေ့ချ်က ကံထူးရှင် ကိုမောင်ပေး၏ အမည်ကို အလွဲသုံးစားလုပ်ပြီး RCSS/SSA အဖွဲ့ကို အပုတ်ချ ရေးသားထားသည့် သတင်းကို ပြန်ဖျက်လိုက်ပါသည်။ ထို့အပြင် ၎င်းကမ္ဘောဇ ဖေ့ဘုတ်ခ်ပေ့ချ်ကို ဝင်ကြည့်မည်ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မကောင်း သတင်းများကို ရေးသားဝေဖန်ထားသည့် အကောင့်တစ်ခုသာ ဖြစ်သည်ကို တွေ့မြင်နေရပေသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့အပေါ် အထင်အမြင်လွှဲမှားသူတစ်ချို့ကနေပြီး RCSS/SSA အဖွဲ့ကို မိဘပြည်သူတွေက အထင်အမြင် လွှဲမှားအောင် မဟုတ်မမှန်သတင်း ၊ လုပ်ကြံသတင်းတွေကို အွန်လိုင်းပေါ် ရေးသားဖြန့်ဝေပြီး အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် အပြစ်ရှာသည့် မဟုတ်မမှန်သတင်းများကို RCSS/SSA အဖွဲ့က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်မှာလည်း အကြိမ်ပေါင်းမနည်းတော့ပေ။

သို့သော် အမှန်တရားဟူသည် ဖုံးကွယ်ရာမရှိ ဟူသည့်အတိုင်း အမှန်တရားမည်သို့ရှိသည်ကို ပြည်သူတွေသာ အသိဆုံးဖြစ်သည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည် တပ်မတော် (RCSS/SSA) ၏ ကောင်းသတင်း ဆိုးသတင်းဟူသမျှကို RCSS/SSA ၏ တရားဝင်ဝဘ်ဆိုက်ဖြစ်သော www.taifreedom.com (သျှမ်းမြန်မာအင်္ဂလိပ်ထိုင်းတရုတ်) နှင့် RCSS/SSA ၏ဖေ့ဘုတ်ခ်စာမျက်နှာ (သျှမ်း မြန်မာအင်္ဂလိပ်ထိုင်း တရုတ်) တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးအပ်ပါသည်။ 

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း RCSS/SSA အဖွဲ့မှ ထီကံထူးရှင် ပင်လုံမြို့ခံအား ဆက်ကြေးကောက်သည်ဟူသည့် သတင်း အမှန်တရားပေါ်ပြီ

နောက်ဆုံးသတင်းများ