Taifreedom

ပင်လုံမြို့နယ် ရဲများက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးသုံးစွဲသူ ၁၄ ဦးကို အရေးယူခြင်းမရှိဘဲ ပြန်လွှတ်ပေး

ပင်လုံမြို့နယ်ဒေသခံ သျှမ်းလူငယ်များ နှင့် ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများက ပင်လုံမြို့နယ် ရဲများနှင့် ပူးပေါင်းကာ ပင်လုံမြို့နယ် ဝမ်မုံကျေးရွာအုပ်စု ဝမ်မုံကျေးရွာတွင်းသို့ မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူများကို ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါး သုံးစွဲသူ ၁၄ ဦး နှင့်အတူ WY စာတန်းပါ ယာမဆေးပြား ၂၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ။

ဖြစ်စဉ်မှာ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်မှာ မူးယစ်ဆေးဝါးပေါများသည့် အပြင် ဒေသတွင်း စီးပွားရေးကျဆင်းလာမှုကြောင့် ခိုးမှုများ တစ်ဆထက်တစ်ဆမြင့်တက် လာသည့်အတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ပင်လုံမြို့နယ်ဒေသခံ သျှမ်းလူငယ်များနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပင်လုံမြို့နယ် ရဲများနှင့် ပူးပေါင်း၍ ဝမ်မုံကျေးရွာတွင်းသို့ မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူများကို ဝင်ရောက်ဖမ်းဆီးခဲ့သောကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူ ၁၄ ဦးကို သက်သေခံ မူးယစ်ဆေးဝါးများနှင့်တကွ ဖမ်းဆီးရမိပြီး ထိုဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး သုံးစွဲသူ ၁၄ ဦးစလုံးကို တရားဥပဒေနှင့်အညီ အရေးယူဆောင် ရွက်နိုင်ရန် ပင်လုံမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ထိုဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးသုံးစွဲသူ ၁၄ ဦးသည် လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးရုံး မှ တာဝန်ရှိသ လူကြီး၏သားဖြစ်သူ ၂ ဦးပါဝင်ပြီး နောက်ထပ် ၅ ဦးမှာ လွိုင်လင်မြို့နယ် နည်းပညာ တက္ကသိုလ်တွင် ကျောင်းတက်နေသော ကျောင်းသားများဖြစ်သောကြောင့် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးသုံးစွဲသူ ၁၄ ဦးစလုံးကို ပင်လုံမြို့နယ် ရဲများက အရေးယူခြင်းတစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးရမိခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့တွင်ပင် ပြန်လွှတ်ပေးခဲ့ပြီး ပင်လုံမြို့နယ်ဒေသခံ လူငယ်များနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ယခုကိစ္စနှင့် ပတ်သက်၍ သတင်းမပြန့်စေရန် တားမြစ်ခဲ့သေးကြောင်း သိရသည်။

ပင်လုံမြို့နယ်အတွင်း ခိုးမှုအပြင် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက ယခုချိန်ထိ ဖြေရှင်းပေးခြင်းမရှိသေးဘူး လို့ ဒေသခံလူငယ်တွေက ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ ပင်လုံမြို့နယ် ဒေသခံများအနေနှင့် မိမိတို့၏ မြို့နယ်အတွင်း မူးယစ်ဆေးဝါး အမှန်တကယ် ပပျောက်စေရန်နှင့် အနာဂတ်လူငယ်များ မူးယစ်ဆေးဝါးသားကောင် မဖြစ်စေရန်အတွက် ရှေးရှု၍ မူးယစ်ဆေးဝါးကို မိမိတို့ တတ်စွမ်းသလောက် ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း ပင်လုံမြို့နယ် ရဲများက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးသုံးစွဲသူ ၁၄ ဦးကို အရေးယူခြင်းမရှိဘဲ ပြန်လွှတ်ပေး

နောက်ဆုံးသတင်းများ